.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Wednesday, August 17, 2016

အဆိပ်​သင့်​ အနာဂတ်​ သား​ကောင်းများ

အဆိပ်သင့် အနာဂတ်သားကောင်းများ

မူးယစ်ဆေးဝါးသုံးစွဲပြီး ရမ်းကားမှုများ ယခုနှစ်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း ပိုမိုဖြစ်ပွားလာနေသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာမှာ ကိုယ်နှင့်မဆိုင်ဟု လျစ်လျူရှုမရသော အခြေအနေရောက်လာ
လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေသော စိတ်ကြွရူးသွပ်ဆေးပြားများ။ (ဓာတ်ပုံ − ဗထူးနယ်​ (သတင်းစုံ))
ကျောင်းပြီးလျှင် အလုပ်လုပ်၍ ငွေရှာကာ မိခင်ဖြစ်သူကို လုပ်ကျွေးလိုကြောင်း ဆယ်ကျော်သက်ကောင်လေးတစ်ဦးက အဘွားဖြစ်သူကို မကြာခဏပြောပြလေ့ရှိသည်။
သို့သော် နောင် ၂နှစ်ခန့်အကြာတွင်တော့ ကျောပိုးအိတ်ထဲ ဓားမြှောင်ထည့်၍ အိမ်တံခါးကို လာခေါက်လေသည်။ ထို့နောက် ပါလာသောအဖော်တစ်ဦးနှင့်အတူ မိခင်အရင်းကို ပါးစပ်ပိတ်ပြီး အသွားတစ်ထွာခန့်ရှိသည့်ဓားဖြင့် သုံးချက်ဆင့်ထိုးခဲ့သည်။ အူအခွေလိုက်ထွက်ကျနေသောမိခင်ထံမှ လက်ကောက်များဖြုတ်ရန် သူကြိုးပမ်းခဲ့သည်။
အဆိုပါဖြစ်စဉ်က တီဗီမှလွှင့်နေသည့် ပညာပေးဇာတ်လမ်းမဟုတ်သကဲ့သို့ သည်းထိတ်ရင်ဖိုဝတ္ထုလည်းမဟုတ်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း ဇူလိုင်လကုန်ခန့်က ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်ဇာတ်လမ်းဖြစ်၏။ ကျူးလွန်သူနှစ်ဦးကို လေးရက်အကြာတွင်ဖမ်းမိခဲ့သည်။ ထို့အပြင် မိခင်အရင်းကို ထိုးမည့်ဓားမြှောင်ကို ကျောပိုးအိတ်ထဲအရောက်ထည့်ပေး၍ အိမ်တံခါးကို ခေါက်စေခဲ့ကာ ပြစ်မှုကျူးလွန်အောင် စေ့ဆော်သူကလည်းရှင်းလင်းနေသည်။ ‘စိတ်ကြွမူးယစ်ဆေး’ ဆိုသည်ပင်။
အသက်(၁၉)နှစ်ပင်မပြည့်သေးသည့် အဆိုပါပိန်ပိန်ပါးပါးလူငယ်လေးက အထက်တန်းကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး မှော်ဘီနည်းပညာတက္ကသိုလ် (GTC) တွင် BE(Civil) တက်ရောက်နေသူဖြစ်သည်။ ပထမနှစ်ဝက်မှာပင် မူးယစ်ဆေးစတင်သုံးစွဲ တတ်လာသည်ဟု သူ့မိသားစုကယူဆပြီး ထိုနှစ်စာမေးပွဲကျရှုံးခဲ့သည်။ နောက်တစ်နှစ်ထပ်တက်၍ နှစ်တစ်ဝက်တွင် ယခုကဲ့သို့အဖြစ် ဆိုးဖြစ်ပွားခဲ့ခြင်းဖြစ်၏။
အဆောင်နေကျောင်းသားတစ်ဦးဖြစ်သူ ၎င်းကအခင်းဖြစ်ပွားသည့်နေ့ ည ၁၂ နာရီခွဲခန့်က အိမ်သို့ ပြန်လာခဲ့သည်။ မိခင်ကို အရင်ကဆိုးမိုက်ခဲ့သည့်အတွက် တောင်းပန်စကားပြောကြားလို၍ အိမ်တံခါးဖွင့်ပေးရန် ဖုန်းဆက်အကြောင်းကြားပြီး ဖခင်ဖြစ်သူအိပ်ချိန်မှ လာမည်ဟုလည်း ပြောကြားခဲ့သေး၏။
‘‘သူတို့နှစ်ယောက်စလုံးက လက်အိတ်အနက်၊ အင်္ကျီဘောင်းဘီအနက်တွေနဲ့၊ ဖိနပ်အနက်ရောင်တွေနဲ့ တကယ့်ရုပ်ရှင်ထဲက လူသတ်သမားတွေ လိုလာကြတာ။ ဘယ်လိုတောင်စိတ်တွေလွတ်ပြီး စီစဉ်ထားမှန်းမသိတော့ဘူး’’ဟု GTCကျောင်းသား၏ဖခင် ဦးထင်ကျော်ကပြောသည်။ ‘‘ပုံမှန်ဆို အမေကိုအရမ်းချစ်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးပါ’’ ဦးထင်ကျော်က ဓားဖြင့်ထိုး၍ လက်ကောက်အတင်းချွတ်နေသည့် မိမိ၏သားနှင့် လူငယ်တစ်ယောက်ကို အတင်းဝင်လုံးကာ သတ်ပုတ်သဖြင့် ဓားဒဏ်ရာနှစ်ချက် ရရှိခဲ့သေးသည်။ ဦးထင်ကျော်မှာ တပ်မတော်အရာရှိဟောင်း၊ ကာယဗလမောင်ဟောင်းတစ်ဦးဖြစ်သကဲ့သို့ အရွယ်ကောင်းကာ ကျွမ်းကျင်စွာသတ်ပုတ်နိုင်သော်လည်း မူးယစ်ဆေးဝါးအရှိန်တက်နေသည့် လူငယ်နှစ်ဦးကို လှဲသိပ်နိုင်ရန်မစွမ်းဟု ၎င်းကဆိုပါသည်။ သို့သော်ဦးထင်ကျော်၏ တိုက်ခိုက်မှုကြောင့် အဆိုပါ ကျောင်းသားနှစ်ဦးထွက်ပြေးသွားခဲ့ပြီး ၎င်း၏အမျိုးသမီးကို အချိန်မီ ဆေးရုံပို့ဆောင်နိုင်ခဲ့သည်။ ဦးထင်ကျော်က ၎င်း၏သားနှင့် သူ့သူငယ်ချင်းတို့၏ အခြေအနေကို မူးယစ်ဆေးကြောင့် စိတ်ပုံမှန်မဟုတ်ဟု တစ်ထစ်ချယုံ ကြည်နေသည်။

စိတ်ကြွရူးသွပ်ဆေးပြားကို သုံးစွဲနေသူတစ်ဦး။ (ဓာတ်ပုံ − ဗထူးနယ်​(သတင်းစုံ)
ဦးထင်ကျော်တို့ မိသားစုကဲ့သို့ပင် မူးယစ်ဆေးဝါးကြောင့် အဖြစ်ဆိုးကြုံခဲ့ရသော အခြားမိသားစုများ၊ အခြားဖြစ်စဉ်များလည်း နိုင်ငံတစ်ဝန်း ယခုနှစ်ပိုင်းမှာပင် များစွာရှိနေသည်။
ဇွန်လ ၃ ရက်က ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် အရက်မူး၍ ကြောင်နေသူကို သွားရောက်တားမြစ်ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကတ်ကြေးဖြင့် ထိုးခံရပြီး သေဆုံးခဲ့သည်။
ဇူလိုင် ၁၇ ရက်က ဟင်္သာတမြို့ မြ၀တီရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် (၄၇)နှစ်အရွယ် အမျိုးသားတစ်ဦးက မူးယစ်ဆေးဝါးသုံးစွဲကာဓားဖြင့် လိုက်ခုတ်သဖြင့် ၎င်း၏ ဇနီးသေဆုံးပြီး သားသမီးနှစ်ဦးတွင် ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင် ၂၈ ရက်က လှိုင်မြို့နယ်တွင် အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦးကို ဆေးကြောင်နေသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးက တိုက်ခိုက်၍ သေဆုံးခဲ့သည်။
အထက်ပါဖြစ်စဉ်များမှာ နှစ်လအတွင်းမှာပင်ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါးသုံးစွဲပြီးဖြစ်ပွားသည့် လူသတ်မှုများထဲမှ အချို့ဖြစ်ကာ ထို့ထက်များသော အရေအတွက်များလည်းရှိနေသည်။ ထို့အပြင် သက်ဆိုင်ရာသို့ မရောက်လိုက်သော မှုခင်းများလည်းရှိနေပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ခုနစ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၄,၆၄၅ မှု ရှိနေပြီး ထိုထဲတွင်မှ မူးယစ်ဆေးဝါးသုံးစွဲ၍ ပြစ်မှုကျူးလွန်သူက ၆,၉၇၀ ဦး ရှိနေကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ဗဟို) ထံမှ စုံစမ်းသိရသည်။
‘‘အခုနှစ်တွေနဲ့ လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံအပေါ် မူးယစ်ဆေးဝါးရဲ့သက်ရောက်မှုက ဆေးရောင်း၊ ဆေးစိုက်ရုံတင်မကဘူး။ လူတွေကို အကြမ်းဖက်စေတဲ့အဆင့်ကို ရောက်နေပြီ’’ဟု  မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(ဗဟို)မှ ဒုတိယရဲမှူးကြီး စိုးလင်းက ပြောသည်။
သြဂုတ် ၁၀ ရက်က စမ်းချောင်းမြို့နယ် ၀ါးခယ်မလမ်းနှင့် ဖျာပုံလမ်းထိပ်တွင် မူးယစ်ဆေးကြောင်နေသည့် အမျိုးသားတစ်ဦးက လမ်းအတွင်းနေထိုင်သူများအား နှောင့်ယှက်ပြီး ဆိုက်ကားစီးနင်းလာသည့် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသည့်အမှုဖြစ်ပွားခဲ့သည်။ ထိုမှုခင်းက လက်ဖက်ရည်သောက်ပြီး ပြန်လာသော လမ်းသွားလမ်းလာတစ်ဦးကို ရန်အငြိုးအတေးမရှိဘဲ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သလို လမ်းပေါ်ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးသားကောင်များ၏ အန္တရာယ်အတွက် အချက်ပေးခေါင်းလောင်းသံများထဲမှ တစ်ချက်လည်းဖြစ်ပါသည်။

မီးရှို့ဖျက်ဆီးမည့် စိတ်ကြွရူးသွပ်ဆေးများနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- ဗထူးနယ်​ (သတင်းစုံ))
ထိုကဲ့သို့ မူးယစ်ဆးသုံးစွဲပြီး ရမ်းကားလာနေမှုများကြောင့် မူးယစ်ပြဿနာမှာ ပြည်သူများကို ထင်ထင်ရှားရှား ခြိမ်းခြောက်မှုဖြစ်လာသည်။ ထို့ကြောင့် အားလုံးနီးပါး ကိုယ်နှင့်မဆိုင်တော့ဘူးဟုနေ၍ မရတော့ပေ။
‘‘လမ်းမမှာ သူ့ဟာသူသွားနေတဲ့မိန်းမကိုတောင် ဓားနဲ့လိုက်ထိုးတယ်ဆိုတဲ့အဆင့်ဆိုတော့ တော်တော်ရမ်းကားပါလား။ ပိုက်ဆံလေးရှိရင် သုံးချင်သလောက်သုံး၊ ၀ယ်ချင်သလောက်ဝယ်လည်း ဖမ်းမယ့်သူကမရှိ ကွက်တိပဲ။ ဒီနိုင်ငံလုံခြုံရေးကလည်း အတော်အဆင့်မြင့်ပြီး ဘေးကင်းတယ်ဆိုတော့လေ။ အဲဒီလို အမူးသမားတွေ လမ်းပေါ်များများရောက်တော့ ကိုယ့်အန္တရာယ်ပဲ ကိုယ်ကြည့်ရှောင်ရမှာ။ လူပြတ်တဲ့နေရာသွားတော့လည်း အလစ်သုတ်သမားကြောက်ရ၊ ရပ်ကွက်ထဲကျတော့လည်း ဆေးသမားတွေ ကြောက်ရနဲ့ ကိုယ့်နဲ့ဘာအငြိုးမှမရှိလည်း ဆေးသမားလုပ်သွားတာဆို ဘာမှပြန်ပြောလို့မရဘူးလေ။ တာဝန်ရှိတဲ့သူတွေ မြန်မြန်အရေးယူကြပါ’’ ဟု မဖြူနှင်းအေးအမည်ရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက စမ်းချောင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် မှတ်ချက်ရေးသားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပင် ရက်တစ်ရာစီမံချက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲပြီး ပြစ်မှုကျူးလွန်သူ ၃၃၃ ဦးကို ဖမ်းဆီးရမိကာ မန္တလေးတိုင်းဒေသကြီးတွင် မူးယစ်အမှုဖြင့် ၁၄၈ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါအရေအတွက်က မူးယစ်ဆေးရောင်းဝယ်သူမဟုတ်ဘဲ မူးယစ်ဆေးနှင့် အရက်သောက်သုံး၍ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသည်။
‘‘ပုံမှန်အားဖြင့် တွေးရင် သာမန်ရူးသွပ်နေတဲ့သူထက် ဆေးဝါးကြောင့် စိတ်ကြောင်နေတဲ့လူက အန္တရာယ်ပိုပေးနိုင်တယ်။ ပြီးတော့ ဆေးဝါးကြောင့် ကြောင်နေတဲ့လူတွေက ဆေးရုံလာပြီး ဆေးကုသမှုခံယူတာ၊ ဆေးဖြတ်တာ မရှိသလောက်ကို နည်းတယ်။ သူတို့က လမ်းပေါ်မှာ နေလို့ရသလောက်၊ ဆေးသုံးလို့ရသလောက် နေကြဦးမှာပဲ’’ဟု စိတ်ရောဂါကုဆရာဝန် ဒေါက်တာသိန်းဖေလင်းက ပြောသည်။ ၎င်းက စိတ်ရောဂါမှုခင်းနှင့်ပတ်သက်၍ အကူအညီပေးနေသူဖြစ်သည်။
‘‘ဆေးကြောင်တဲ့လူတွေမှာ နှစ်ပိုင်းရှိတယ်။ တစ်ခုက ရေရှည်သုံးစွဲတဲ့လူတွေမှာ ဖြစ်တဲ့ လက္ခဏာ။ ကိုယ်ပိုင်အသိရှိပေမယ့် မထိန်းနိုင်တော့တာ။ ဆေးကို သဲကြီးမဲကြီး လိုချင်နေတဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေ တလွဲချတာ။ သူက လွတ်တာမဟုတ်ဘူး။ မူးယစ်ဆေး ဝါးက အသိကိုကြီးစိုးပြီး ကိုယ်ပိုင်အသိပျောက်သွားတာ။ နောက်တစ်ခုက အလွန်အကျွံသုံးစွဲတာတို့၊ ရှော့ခ်ဖြစ်တာတို့၊ ဆေးမရတော့တာကြောင့် အသိချက်ချင်း လွတ်သွားတာ။ သံသယအမြဲရှိတာက သူတို့က တစ်ခုခုမလုပ်ရင် သူတို့ကို လုပ်တော့မယ်လို့ ထင်နေတယ်’’ဟု ၎င်းက ဆိုသည်။
မူးယစ်ဆေးဝါးဆိုသည့် ခေါင်းစဉ်အောက်တွင် ပုံသဏ္ဌာန်များစွာရှိသည့်အနက် လက်ရှိ၌ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး လူငယ်များအကြား ပျံ့နှံ့နေသည့် မူးယစ်ဆေးပုံစံမှာ WY (ယာဘ)ဟူသည့် တက်ဘလက်ပုံစံ ဆေးပြားပင်ဖြစ်သည်။ WY ၏အဓိပ္ပာယ်မှာ World’s Yours (ကမ္ဘာကြီးက သင့်အတွက်ပဲ) ဟူ၍ ခပ်ရွဲ့ရွဲ့နာမည်ပေးထားသေးသည်။ WY က ပုံမှန်အားဖြင့် ခဲပြားပေါ်တင် အပူပေး၍ အငွေ့ကို ပိုက်ဖြင့် စုပ်ရသည်။ ၎င်းကို အသီး၊ ကြယ်သီး၊ ဝေယံဟုလည်း လူငယ်များအကြား သိထားကြကာ အရောင်သီး၊ အနံ့သီး၊ အကျစ်သီး၊ အပွသီး စသဖြင့် ဆေးပြားကွာလတီပေါ် လိုက်၍ ဈေးနှုန်းအပြောင်းအလဲရှိသည်။
ရပ်ကွက်များ၊ မြို့နယ်များတွင် အချိတ်အဆက်ရှိသည့်လူငယ်တစ်ဦးအနေဖြင့် တစ်ပြားကျပ်နှစ်ထောင်မှ ငါးထောင်အထိပေး၍ လွယ်ကူစွာ ဝယ်ယူနိုင်သည်။ WY က ယခင်လူသုံးများသည့် ဆေးခြောက်ဝယ်ရတာထက်ပင် ပို၍လွယ်ကူလာသည်။
ထို့ကြောင့်လည်း ဆေးဝါးကြောင့် ဖြစ်ပွားသည့် မှုခင်းများတွင် WY(ယာဘ)ကြောင့် ဖြစ်သည့်မှုခင်းများက ပို၍များနေသည်။ တစ်နိုင်ငံလုံးအနေဖြင့် ဖမ်းဆီးရမိမှုများတွင်လည်း ထိုဆေးဝါးဖမ်းဆီးမိမှုက အခြားမူးယစ်ဆေးဝါးများထက် များစွာသာနေသည်။
မိခင်အရင်းကို ဓားဖြင့်ထိုးခဲ့သည့် GTC ကျောင်းသားမှာလည်း ထိုဆေးပြားပင်သုံးစွဲခဲ့သည်ဟု ၎င်း၏မိသားစုနှင့် ရဲစခန်းက သုံးသပ်ပြောကြားသည်။ သို့သော် ဆရာဝန်၏ တရားဝင်ဆေးစစ်ချက်တော့ ထွက်မလာသေးပေ။ သို့သော်လည်း စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါးဆိုသည့်အတိုင်း အဆိုပါလူငယ်၏စိတ်ကတော့ ပြောင်းလဲသွားခဲ့သည်ကို သူ့မိသားစုကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ဓာတ်ပုံ − ဗထူးနယ်​(သတင်းစုံ)
‘စိတ်ရောဂါဝေဒနာသည် ကျိန်စာသင့်ခြင်းကြောင့်မဟုတ်၊ အတိတ်ဘဝဝဋ်ကြွေးကြောင့်မဟုတ်၊ စုန်းကဝေပြုစားခြင်းကြောင့် မဟုတ်’ စိတ်ရောဂါကုဆေးရုံကြီး (ရန်ကုန်)အတွင်း ချိတ်ဆွဲထားသည့် စာတန်းတစ်ခုဖြစ်သည်။
သို့သော် စိတ်ရောဂါဝေဒနာသည် မူးယစ်ဆေးဝါးကြောင့်လည်း ဖြစ်သည်ဆိုသည်ကိုတော့ ဆေးရုံအတွင်းတဖွဲဖွဲလာရောက်နေသည့် ဆေးကြောင်၊ အရက်ကြောင် စိတ်ဝေဒနာရှင်များက သက်သေခံနေသည်။ အဆိုပါလူနာများ တစ်လထက်တစ်လ အရေအတွက်များ ပြားလာကဲ့သို့ပင် အခြေအနေများလည်း ပို၍ ဆိုးရွားလာသည်ဟု ဆေးရုံမှတ်တမ်းဌာန တာဝန်ရှိသူများက ဆိုသည်။ ဆေးရုံအတွင်း လူနာပေါင်း ၁,၆၀၀ ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်မှာ မူးယစ်ဆေးဝါးနှင့် အရက်ကြောင့် ထိန်းသိမ်းထားရသည့် လူနာများ ဖြစ်နေသည်။ ထို့ပြင် လူနာမဟုတ်သည့် မူးယစ်ဆေးဝါးဖြတ်သူများ၊ အရက်ဖြတ်သူများလည်း ရာနှင့်ချီပြီ ရှိနေသည်။ ဒါက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ ဖြစ်၏။
‘‘သာမန်ရူးနေတဲ့လူနဲ့ ဆေးကြောင်ပြီးလွတ်နေ၊ ရူးနေတဲ့လူနဲ့ မတူဘူး။ သာမန်ရူးနေတဲ့ လူကခံစားချက်မပြင်းထန်ဘူး။ ဆေးကြောင်တဲ့သူက ခံစားချက်တွေအရမ်းဖြစ်တယ်။ ဖြစ်နေတဲ့ ဖီလင်အကြာကြီးခံစားနေတတ်တယ်။ သတ်ချင်စိတ်ပေါက်ရင် အသေသတ်တာ။ ရိုက်တယ်ဆိုလည်း အသေရိုက်တာ။ ပြီးတော့လူက ဆေးအရှိန်ကြောင့် သန်စွမ်းနေတယ်။ သူ့ကို ထိန်းဖို့မလွယ်ဘူး’’ဟု စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ ကျော်စွာကပြောသည်။ ၎င်း၏အတွေ့အကြုံအရ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်လွတ်သူ (ဆေးကြောင်သူ) များမှာ ဆေးဝါးအလွန်အကျွံသုံးစွဲချိန်နှင့် ဆေးအရှိန်ကျချိန်များတွင် အများဆုံးဖြစ်တတ်သည် ဟုဆိုပါသည်။
ထိုကဲ့သို့ ဆေးအရှိန်ဖြင့် စိတ်လွတ်နေသူများက သာမန်လူများကို အချိန်မရွေး အန္တရာယ်ပြုနိုင်သည်ကတော့ ငြင်းနိုင်ဖွယ်ရာမရှိချေ။ အန္တရာယ်ပြုခဲ့သော မှတ်တမ်းများကလည်း နေ့စဉ်နှင့်အမျှ များပြားလာသည်သာ ဖြစ်သည်။
‘‘လူတစ်ယောက် နှစ်ရက်၊ သုံးရက်အိပ်ရေးတွေ ပျက်လာရင် စိတ်ကလည်း မကြည်တော့ဘူး။ စိတ်ကြွဆေးတွေသုံးပြီး အိပ်ရေးတွေပျက်တာများလာရင် ထင်ယောင်ထင်မှားတွေဖြစ်လာမယ်။ သူက လက်ဦးမှုယူပြီး ရန်ပြုမှုတွေ လုပ်တတ်တယ်။ ဒီအတွက်လည်း သူတို့စိတ်ထဲမှာ မှန်တယ်ပဲထင်နေတတ်တယ်’’ဟု စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ ကျော်စွာက ပြောသည်။
ထိုကဲ့သို့ ဆေးစွဲနေသူများအပေါ် မိသားစုက အတင်းအကျပ်ဆက်ဆံမှုများကြောင့်လည်း ရာဇ၀တ်မှုများဖြစ်လာနိုင်သည်ဟု မူးယစ်ဆေ၀ါး ဖြန့်ဖြူးရောင်းချမှုဖြင့် ထောင်ကျဖူးသူ ကိုချစ်က ပြောသည်။ ကိုချစ်က လက်ရှိတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဖြတ်နေသည့် အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် လူငယ့်အားမာန်အဖွဲ့တွင် လုပ်အားပေးနေသူဖြစ်ပါသည်။
ထိုကဲ့သို့ပင် ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ၊ဆေးစွဲနေသည့် လက္ခဏာရှိသူများရှိပါက ဆေးဖြတ်သည့်ဂေဟာများ၊ စိတ်ကျန်းမာရေးဆေးရုံများ၌ ဆေးဖြတ်နိုင်သည်။ သို့သော်လည်း ထိုကဲ့သို့ ဗဟုသုတမရှိ၍ ဆေးစွဲနေသူများကို ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားကာ အသိရှေ့နေဖြင့် အမှုဖွင့် ထောင်ကျရန် ပြုလုပ်ခဲ့ရကြောင်း ကမာရွတ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
‘‘ဆယ်တန်းအောင်ပြီး နောက်ပိုင်း မူးယစ်ဆေးဝါးသုံးလာတာ သိရတယ်။ မိန်းမပေးစားလိုက်လို့ ပြတ်သွားမလားမှတ်တယ်။ ပိုပြီး ဆိုးလာသေးတယ်။ ဆေးသုံးဖို့ ပိုက်ဆံမရရင် အကုန်ရန်ရှာရိုက်နှက်နေတော့ ရဲစခန်းဖုန်းဆက်ပြီး ဖမ်းခိုင်းရတယ်။ သားဆိုတော့ ထောင်ကျမှာလည်း မမြင်ရက်ဘူး။ အသိရှေ့နေနဲ့မေးပြီး သုံးလလောက်ကျနိုင်အောင်လုပ်ပြီး ထောင်ထဲထည့်လိုက်ရတယ်’’ ဟု အသက်(၅၀)ကျော် အဆိုပါအမျိုးသမီးက သူ၏အတွေ့အကြုံကို ပြောသည်။
ကိုချစ်ကတော့ ကိုယ်တိုင်မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျဖူးသူပီပီ မူးယစ်ဆေးဝါး၏နွံကို ကောင်းစွာသိပါသည်။ ထို့ကြောင့်လည်း လမ်းမပေါ်အထိ ထိန်းမနိုင်သိမ်းမရ ထွက်အန်ကျလာသည့် မူးယစ်ဆေးဝါးသားကောင်များအတွက် အစိုးရ၌သာ လုံးလုံးတာဝန်ရှိကြောင်း ပြောသည်။
‘‘ဆေးပြားတွေ သန်းနဲ့ချီပြီးမိရင် ပိုင်ရှင်မဲ့ဖြစ်နေတယ်။ နည်းနည်းမိရင်တော့ လူနဲ့တကွ။ ပြောချင်တာက ကိုင်းဖျားကိုင်းနားခုတ်လို့ မူးယစ်ဆေးဝါးပြဿနာက မပြီးပါဘူး။ ရန်ကုန်မှာ မူးယစ်ဆေးဝါးသုံးစွဲသူက သိန်းချီရှိနေတယ်။ တစ်နိုင်ငံလုံးဆို တွက်ကြည့်လိုက်ပါ။ ထောင်တွေ၊ အချုပ်တွေထည့်တောင် မလောက်ပါဘူး။ ဒီဆေးဝါးတွေ ဒီလောက်ပေါများပြီး ဘယ်ကထွက်နေလဲဆိုတာ သိတဲ့လူတွေအများကြီးရှိပါတယ်’’ဟု ၎င်းက ဆိုသည်။
အစိုးရအနေဖြင့် မူးယစ်ဆေးဝါးများကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနေသည်ဆိုသည့် စကားရပ်နှင့်သာ ပြည်သူများအား ချွေးသိပ်ခဲ့သည်။ ‘‘အခု ခုနစ်လအတွင်းမှာကို မူးယစ်ဆေးဝါးမျိုးစုံ မနှစ်ကထက် ပိုဖမ်းနိုင်ခဲ့တယ်။ ဒီနှစ်ထဲမှာ မူးယစ်ဆေးဝါး အဓိကထုတ်တဲ့ ရှမ်းပြည်နယ်လို နေရာမျိုးမှာ စစ်ဆင်ရေးလုပ်ခဲ့တာ။ လာမယ့် နှစ်အတွက်လည်း စီမံချက်တွေရှိပါတယ်’’ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီးတစ်ဦးက ပြောသည်။ သို့သော်နိုင်ငံတော်အဆင့် ထိန်းချုပ်မည်ဟု အမြဲကြွေးကြော်နေခဲ့သည့် မူးယစ်ဆေးပြဿနာက လမ်းပေါ်လျှံကျလာသည့်အပြင် အိမ်တိုင်းအတွက်တံခါးခေါက်သံတစ်ခုလိုပင် ဖြစ်လာခဲ့သည်။
‘‘ကျွန်တော်ကတော့ ကျွန်တော့်သားကို ဆုံးရှုံးခဲ့ပြီ။ သူထောင်က ပြန်လွတ်လာလည်း ပတ်ဝန်းကျင်မှာ စီးပွားရေး၊ လူမှုရေး အရာရာ ကျရှုံးသွားတဲ့အပြင် အသိုင်းအဝိုင်းရဲ့ သံသယကလည်း ရှိသေးတယ်လေ’’ဟု ပြစ်မှုကျူးလွန်ခဲ့သူ ဆယ်ကျော်သက်လူငယ် GTC ကျောင်းသား၏ဖခင် ဦးထင်ကျော်က ဆိုသည်။
တစ်သက်လုံးမျှော်လင့်ခဲ့ရသည့် သားကြီး သြရသလမ်းကြောင်း မှားယွင်းခဲ့မှုအတွက် ယူကျုံးမရဖြစ်ခဲ့သလို မိမိတို့ကောင်းမွန်စွာ ထိန်းကျောင်းနေပါလျက် သတိလက်လွတ်တစ်ချက်တွင် သားဖြစ်သူ၏ဘဝပျက်စီးသည်အထိ အမှားကို ဦးထင်ကျော်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

‘‘ကျွန်တော့်သားဆုံးရှုံးသွားခဲ့ပြီ။ ရတယ်။ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ နောင်လာမယ့် လူငယ်တွေအတွက် မူးယစ်ဆေးဆိုတာကြီးက အရမ်းလွယ်ကူနေတာ၊ လက်တစ်ကမ်းမှာ ရှိနေတာ အလွန်ဆိုးရွားတဲ့ အနာဂတ်ကို ပုံဖော်နေတာပဲ’’ ဟု ဦးထင်ကျော်က ယူကျုံးမရစွာ ပြောလေသည်။

No comments: