ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ စသည့် အစုအဖွဲ့ (၃)ခုမှ ရွေးချယ်ထားသည့် ဒုတိယသမ္မတလောင်းများအား သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့မှ ယနေ့ မတ် ၁၄ ရက်တွင် စိစစ်မည်ဖြစ်ကြောင်း သိရသည်။
သမ္မတလောင်း အရည်အချင်း စိစစ်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးဘမျိုးသိန်း၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့က စိစစ်မည်ဖြစ်ကြောင်း သိရသည်။
“အစုအဖွဲ့သုံးခုက ရွေးချယ်ထားတဲ့ ဒုတိယသမ္မတလောင်း သုံးဦးကို ဒီနေ့မနက် ၁၀ နာရီမှာ စိစစ်ပါမယ်။ အဓိကကတော့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိမရှိပေါ့။ စိစစ်တွေ့ရှိချက်တွေကို နေ့လယ် ၁ နာရီမှာ ပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တင်ပြမှာဖြစ်ပါတယ်” ဟု စိစစ်ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက မတ် ၁၃ ရက်က ပြောကြားသည်။
ဒုတိယ သမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း) တို့ကို ရွေးချယ်ထားသည်။
သမ္မတလောင်း စိစစ်ရေး အဖွဲ့အနေဖြင့် သမ္မတ အရည်အချင်းနှင့် ကိုက်ညီမှုရှိမရှိ၊ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှု ရှိမရှိများကို အဓိကထား စိစစ်မည်ဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များအား ပြည်ထောင်စု လွှတ်တော်သို့တင်ပြမည်ဖြစ်ကြောင်း၊ မတ် ၁၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတအဖြစ် မဲပေး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ အနိုင်ရရှိထားသည့်အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရမည့်သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များမှ ထောက်ခံမဲပေးသည့်သူသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment