Wednesday, March 30, 2016
သမ္မတသစ် ကာလုံဖွဲ့ပြီ၊ ဒေါ်စုကို သမ္မတ အတိုင်ပင်ခံ ခန့်အပ်လို
သမ္မတသစ် ဦးထင်ကျော် ခေါင်းဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့သလို သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန် ခန့်အပ်ဖို့လည်း စီစဉ်နေပါတယ်။
သမ္မတ ရုံးက ကြေညာတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၁ ဦးကတော့ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးဌာန လေးခုရဲ့ ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင် တို့ ဖြစ်ပါတယ်။
မနေ့တုန်းကပဲ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဖွဲ့စည်းခဲ့သလို သမ္မတသစ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်နိုင်ဖို့ အတိုင်ပင်ခံဆိုင်ရာ ဥပဒေကို လွှတ်တော်မှာ တင်ပြဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
မနေ့တုန်းကပဲ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ သမ္မတတွေနဲ့ ဝန်ကြီးအဖွဲ့ကို အမေရိကန်နဲ့ တခြား နိုင်ငံတွေက ကြိုဆိုခဲ့ကြသလို၊ ထိုင်းဘုရင် မင်းမြတ်ကလည်း ဝမ်းသာကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ABSDF ကလည်း သမ္မတ ဦးထင်ကျော်ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
သမ္မတက အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေးနဲ့ ပြည်သူလူထုရဲ့ လူနေမှု ဘဝ အဆင့်အတန်း မြင့်မားလာဖို့အဓိက ပြောဆိုသွားခဲ့ပြီး အဲဒီ ပြောဆိုမှုတွေကို အကောင်အထည် ဖော်ဖို့လည်း ABSDF က တိုက်တွန်းလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment