မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက် ရှိ ရွှေထီးဟိုတယ် တွင် လာရောက် တည်းခိုနေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့ရသည့် အကြောင်းအရင်း ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။
“သေဆုံးတဲ့ ကောင်မလေး ကို စစ်ဆေးတဲ့ အနေအထား အရ ပြင်ပလက္ခဏာ နဲ့ အတွင်းဒဏ်ရာ ဘာမှ မတွေ့ရှိရဘူး။ ဒီလို မရှိတာ ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ သွေး၊ ဆီး၊ အတွင်းကလီစာ စတာတွေကို ဆက်လက် စစ်ဆေးသွားမယ်။ ဖြစ်စဉ် အနေအထား ကတော့ တယောက်ယောက် က သတ်သွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ တခုခု ရှော့ဖြစ်ပြီး သေဆုံးတဲ့ သဘောတော့ရှိပါတယ်”ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
ရဲတပ်ဖွဲ့ မှ ပြောဆိုချက်အရ သေဆုံးသူ ၏ အမည်မှာ မယုယုထက် ဖြစ်ပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မှ ဖြစ်ပြီး အဖော်ဖြစ်သူ အသက် ၂၂ အရွယ် မဖြိုးသဉ္ဇာထက်၊ ကော့ကရိတ်မြို့ တွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုရန်လင်းအောင် တို့နှင့် အတူ ၁ ခန်း တည်းတွင် တည်းခိုနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်း နှင့် အတူပါလာသည့် အမျိုးသမီး က မယုယုထက် ကို အိပ်ယာမှ နိုးမရသဖြင့် မနက် ၉ နာရီ ခန့် တွင် ဟိုတယ်မန်နေဂျာ ဦးဝင်းအောင်ကို အကြောင်းကြားခဲ့ကြောင်း၊ ဟိုတယ်မန်နေဂျာ ဦးဝင်းအောင် က ရဲစခန်းသို့ ထပ်မံအကြောင်းကြားခဲ့ရာ သက်ဆိုင်ရာ နယ်မြေ ရဲစခန်း ရဲအုပ်ဝင်းဗိုလ်၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ဇော်မင်းထိုက် နှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးနေသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။
သေဆုံးမှု ကို သွားရောက် စစ်ဆေးခဲ့သည့် အမှတ် (၁၁) ရဲစခန်း မှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်က လည်း “သေဆုံးသူဟာ ညဝတ် အင်္ကျီအဖြူ အနက်ကွက် လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး နှစ်ယောက်အိပ်ကုတင် ပေါ်မှာ ပက်လက် အနေအထားနဲ့ သေဆုံး နေတာကို တွေ့ရပါတယ်၊ ပြင်ပဒဏ်ရာ တခုမှ မတွေ့ရဘဲ သေဆုံး နေတာကြောင့် အလောင်းကို ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ရင်ခွဲ စစ်ဆေးနိုင်ဖို့ အတွက် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်”ဟု အတည်ပြု ပြောကြားသည်။
ထို့ကြောင့် သေဆုံးသူ၏ အလောင်း ကို မှုခင်း ဆရာဝန်များ၏ စစ်ဆေး တွေ့ရှိချက်များ အပေါ် မူတည်ကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သေမှုသေခင်း ဖြင့်သာ အမှုဖွင့် ထားကြောင်း အမှတ် ၁၁ ရဲစခန်း မှ သိရသည်။
No comments:
Post a Comment