ပဲခူးတိုင်းတောင်ငူခရိုင် ရေတာရှည်မြို့နယ် အမြန်လမ်းမကြီး ၁၅၇ မိုင်အနီးတွင် မတ် ၁၃ ရက် နံနက် ၉ နာရီခွဲခန့်က ဟိုက်ဂျက် (Hijet) တစ်စီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်များအနက် အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အသက်ရှစ်နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအ၀င် ခြောက်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဟိုက်ဂျက်ယာဉ်မှာ အလှူလုပ်ရန်အတွက် ရန်ကုန်မှ မန္တလေးဘက်သို့ နံနက် ၄ နာရီခန့်က ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ အမြန်လမ်းမကြီး ၁၅၇ မိုင်အနီးသို့အရောက်၌ ကားရှေ့ဘီး ပေါက်သွားခဲ့ရာမှ အရှိန်မထိန်းနိုင်ဘဲ တစ်ပတ်လည်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်များအနက် အသက် ၂၀ အရွယ်ခန့်ရှိ မယမင်းရွှေစင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိ သူ ခြောက်ဦးခန့်ရှိရာ ဒဏ်ရာရရှိသူများကို တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်း၊ ရေတာရှည်မြို့နယ် လူမှုကူညီရေးအဖွဲ့၊ ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။
တောင်ငူဆေးရုံကြီးသို့ရောက်ရှိလာသည့် အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူအား ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍မေးမြန်းခဲ့ရာ“သေတာကတော့အမျိုးသမီးပဲ၊ ကားနံပါတ်တော့ ကျွန်တော်တို့ဘယ်လိုလုပ်သိမှာလဲ။ ဖြစ်ဖြစ်ချင်းတန်းပြီးတော့ ဒီကိုလာတာ။ သူတို့လည်းမသိဘူး၊ ကျွန်တော်တို့လည်း မသိဘူး။ နေပြည်တော် အမြန်လမ်းရုံးကို တောင်းလိုက်ပါ။ တရားဝင်ဆိုတော့ အချက်အလက်လည်း မလွဲဘူး။ ပေးရင် အရေးယူခံရမှာစိုးလို့ မပေးရဲဘူး” ဟု ပြောကြားသည်။
“ဘယ်လိုပြောရမှန်းလဲမသိတော့ပါဘူး။ မိဘတွေဆီကို အလှူသွားလုပ်တာ။ ရှင်ပြုဖို့ လုပ်ထားတဲ့ကောင်လေးရော၊ နားသလုပ်မယ့် သမီးလေးနှစ်ယောက်ရောပါတယ်။ ဒီကသွားတဲ့ ကောင်လေးရဲ့မိဘတွေက ဟိုမှာ ရှိတာ။ ကားပေါ်မှာ ယပ်တောင်တွေရော ဘာတွေရော အကုန်ပါတယ်” ဟု ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်သူအမျိုးသမီးတစ်ဦးက ပြောကြားသည်။
“မှောက်တာက ဟိုက်ဂျက်ကား။ သူတို့က ရန်ကုန်ဘက်ကလို့ပြောတယ်။ ကိုးယောက်လောက်ပါတာ လေးယောက်လောက် ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက်က သေသွားတယ်။ ဒဏ်ရာရတဲ့အထဲမှာတော့ ပြင်းထန်တာ တစ်ယောက်မှ မပါဘူး။ ဒါပေမဲ့ ခေါင်းကိုထိခိုက်မိတာ ကလေးနှစ်ယောက်ပါတယ်။ သူတို့တွေလည်း အဆိုးကြီး မဟုတ်ပါဘူး။ လွှဲတာ ပြောင်းတာတွေလည်း မရှိပါဘူး” ဟု တောင်ငူမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဌေးက ပြောကြားသည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး နယ်မြေအပိုင် ဇီးပင်သာ အမြန်လမ်းရဲစခန်း တာဝန်ရှိသူများက နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးသို့သာ ဆက်သွယ်မေးမြန်းရန် ပြောကြား၍ ဖုန်းဖြင့် နှစ်ကြိမ်တိတိ ဆက်သွယ်ခဲ့သော်လည်း ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ဖြေကြားပေးနိုင်ခြင်းမရှိဘဲ ဇီးပင်သာအမြန်လမ်း ရဲစခန်းသို့သာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။
No comments:
Post a Comment