ရှမ်းပြည်နယ် နမ္မတူ မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်ရဲရွာရေကာတာ အပါအဝင် ရေကာတာစီမံကိန်းလေးခုကို ရပ်တန့်ရန် ရှမ်းဒေသခံ အဖွဲ့အ စည်းများက တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံများ မှီခိုအားထားရာ နမ္မတူမြစ် (သို့မဟုတ်) မြစ်ငယ်မြစ်ပေါ်တွင် အထက်ရဲရွာ၊ အလယ်ရဲရွာ၊ ဒီးဒုတ်ရေကာတာ၊ နမ္မတူရေကာတာဟူ၍ ရေကာတာလေးခု တည်ဆောက်မည်ဖြစ်ရာ ယင်းရေကာတာစီမံကိန်းများ ရပ်တန့် ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၊ ရှမ်းသဘာဝအဖွဲ့နှင့် ရှမ်းပြည်နယ် တောင်သူလယ်သမားများ ကွန်ရက်တို့က တောင်းဆိုခဲ့ပြီး ရေကာတာ တည်ဆောက်ပါက ဒေသခံများအပေါ် သက်ရောက်မည့် ဆိုးကျိုးများကိုပါ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အထက်ရဲရွာ ရေကာတာ ဆောက်လုပ်နေပြီး ၂၀၁၈ တွင် ပြီးစီးရန်လျာထား သည်။ ယင်းရေကာတာများကို မြစ်တစ်ဝက်ကိုပိတ်၍ ဆောက် လုပ်မည်ဖြစ်သဖြင့် ဂေဟစနစ် နှင့် ဒေသခံများ၏ ဘဝရပ်တည် ရေး ထိခိုက်မည်ဟု ဒေသခံများကဆိုသည်။
ဆောက်လုပ်ဆဲ အထက်ရဲ ရွာ ရေကာတာမှ ရေအားလျှပ်စစ် ၃၀ မဂ္ဂါဝပ်ထုတ်လွှတ်မည်ဖြစ်ပြီး ရေကာတာအမြင့်မှာ ၁၀၂ မီတာရှိကာ ရေလှောင်ကန်မှာ ၆၀ ကီလိုမီတာကျယ်ဝန်းသည်။ ယင်းရေကာတာကြောင့် အနီးဝန်းကျင်ရှိ စိုက်ခင်းများနှင့် ကျေးရွာများ ရေနစ်မြုပ်နိုင်သည့်အပြင် သီပေါမြို့၏ တစ်စိတ်တစ်ပိုင်းမှာလည်း ရေနစ်မြုပ်သွားနိုင်သည်ဟု တာလုံကျေးရွာမှ မနန်းလောင်ဝ်ခမ်း က ပြောသည်။
‘‘အခုက အထက်ရဲရွာက ရေလွှဲဆည်တစ်ခုပြီးသွားပြီ။ ရေကာတာစီမံကိန်းနားက ရွာတွေက ရေဝပ်ဧရိယာထဲပါနေတဲ့အတွက် ရေကာတာတွေကြောင့် ရေနစ်မြုပ်မှုကို ခံရမှာပါ’’ဟု မနန်း လောင်ဝ်ခမ်းက ပြောသည်။
ထို့အပြင် ရေကာတာတည် ဆောက်မှုစီမံကိန်း တည်ရှိရာ နေရာသည် ပဋိပက္ခဖြစ်ရာ ဧရိ ယာဖြစ်ပြီး တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနိုင်ရန် အပြင် သဘာဝသယံဇာတကို ထိန်းသိမ်းကာကွယ်ရန် တိုက် ခိုက်နေကြသည့် ဒေသတစ်ခုလည်း ဖြစ်သည်ဟုဆိုသည်။
‘‘အကယ်၍ အစိုးရသစ်ဖြစ် တဲ့ အင်န်အယ်လ်ဒီက ငြိမ်းချမ်း ရေးကို လိုလားရင် ပဋိပက္ခဇုန်အတွင်း ကျနေတဲ့ နမ္မတူမြစ်ပေါ်တည်ဆောက်မယ့် ရေကာတာ တွေနဲ့ တခြားမြစ်တွေပေါ်မှာ တည်ဆောက်မယ့် ရေကာတာ တွေအားလုံး ရပ်တန့်ဖို့ လိုပါတယ်’’ဟု ရှမ်းသဘာဝအဖွဲ့မှ ကိုစိုင်းခေးစိုင်က ပြောသည်။
နမ္မတူမြစ်အပေါ်ပိုင်းတွင် သတ္တုတူးဖော်မှုကြောင့် မြစ်ပေါ် ရေကာတာ တည်ဆောက်မည်ဆို ပါက ကန်ထဲရှိရေကို ပိုညစ်ညမ်း စေခြင်း၊ ရေအတက်အကျကို ခန့်မှန်းရခက်စေခြင်းနှင့် ရေကာ တာများသည်လည်း ထိခိုက်ပျက် စီးခြင်းများ ဖြစ်စေနိုင်သည်ဟုဆိုသည်။
လက်ရှိတည်ဆောက်ဆဲဖြစ် သည့် အထက်ရဲရွာရေကာတာကို တရုတ်၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်း၍ တည်ဆောက်လျက်ရှိသည်။
No comments:
Post a Comment