.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Monday, April 4, 2016

ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ပီပြင်လာစေရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ခွဲဝေထားရှိရန် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အကြံပြု

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်လာစေရန် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ခွဲဝေထားရှိရန် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက အကြံပြု ပြောကြားသည်။

ပြည်ထဲရေး ၀န်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်း ခန့်အပ်ထားခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် အဓိက ၀န်ထမ်း အဖွဲ့အစည်း နှစ်ရပ်ဖြစ်သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ဖြင့် တစ်တိုင်းပြည်လုံး၌ အုပ်ချုပ်ရေး၊ လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၄ ဖွဲ့ရှိကြောင်း၊ လက်တွေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့တွင် ပါဝင်သည့် ပြည်ထဲရေး ၀န်ကြီးဌာနက တစ်နိုင်ငံလုံးကို အုပ်ချုပ်နေသည်ကို တွေ့ရပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ အနေဖြင့် အုပ်ချုပ်နိုင်သည့် အခွင့်အာဏာ ပြတ်ပြတ်သားသား ရှိမနေဟု ၎င်းက ဆိုသည်။

ဦးကိုနီက “ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် ပြည်နယ်တိုင်းဒေသတွေကို ပြည်နယ်တိုင်းဒေသ အစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ်ကပဲ အုပ်ချုပ်ရမယ်။ ဒါမှ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီ လမ်းကြောင်းနဲ့လည်း သဟဇာတဖြစ်မယ်။ အခု လောလောဆယ် အနေအထားက အဲဒီလိုမျိုး သဟဇာတ ဖြစ်တာ မရှိဘူး ဖြစ်နေတယ်။ လက်တွေ့ လုပ်တာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရည်ရွယ်ထားတာနဲ့က နည်းနည်းလေး အံချော်သလို ဖြစ်နေတယ်။ အဲဒီကို တကယ့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ဖြစ်အောင် ပြည်ထောင်စု အဆင့်ကို ဗဟို အစိုးရက အုပ်ချုပ်ပြီးတော့ ပြည်နယ်တိုင်းဒေသကြီးတွေကို အခု ငွေကြေး အမြောက်အမြား အကုန်ကျခံပြီးတော့ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားတဲ့ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက လက်တွေ့ အုပ်ချုပ်နိုင်အောင် ဘာလုပ်ဖို့ လိုသလဲ ဆိုတော့ အဲဒီ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ အောက်မှာ အုပ်ချုပ်ရေး ၀န်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ကို ကျွန်တော်တို့ ထားပေးဖို့ လိုတယ်။ အဲဒီလို အုပ်ချုပ်ရေး ဌာနနဲ့ ရဲတပ်ဖွဲ့ကို သက်ဆိုင်ရာ ပြည်နယ် တိုင်းအစိုးရအဖွဲ့အောက်မှာ ထားမပေးရင် သူတို့အနေနဲ့ လက်တွေ့ အုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ပြောကြားသည်။

ဆက်လက်၍ ဦးကိုနီက “လတ်တလော ချက်ချင်းပြောင်းလဲလို့ ရတဲ့ ရေတို အနေနဲ့ လုပ်မယ်ဆိုရင်တော့ လက်ရှိ ပြည်နယ်တိုင်းဒေသ အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းတွေကို သူတို့ရဲ့ လက်ရှိ မူလရာထူး တာဝန်အတိုင်း ပြည်နယ် တိုင်းအစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းပေးလိုက်လို့ရှိရင် သမ္မတအမိန့်နဲ့ပေါ့။ ဥပမာ ရန်ကုန်တိုင်းပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းတွေ အားလုံးဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အုပ်ချုပ်မှုအောက်ကို ရောက်သွားမယ်။ ပြီးရင် ရဲတပ်ဖွဲ့ကိုလည်း လက်တွေ့ အလုပ်လုပ်လို့ရအောင် အဖွဲ့နှစ်ဖွဲ့ နာမည်ပြောင်းပြီးတော့ ပြန်ဖွဲ့စည်းရမယ်။ လက်ရှိ ရဲတပ်ဖွဲ့မှာ လုံထိန်း တပ်ဖွဲ့တွေ ဘာတွေဆိုတာ ရှိတယ်။ အဲဒီ တပ်ဖွဲ့တွေကိုတော့ ပြည်ထောင်စု လုံခြုံရေး ရဲတပ်ဖွဲ့ဆိုတဲ့ နာမည်နဲ့ ပြည်ထဲရေး ၀န်ကြီးက တိုက်ရိုက်ကိုင်တွယ်မယ်။ တိုင်းပြည်ရဲ့ ဘယ်နေရာမှာပဲ လိုအပ်လိုအပ် လိုအပ်တဲ့ နေရာမှာ အေးချမ်းသာယာဖို့ ပြည်ထဲရေးဝန်ကြီးရဲ့ အမိန့်နဲ့ ဒီအဖွဲ့က လုပ်မယ်။ နောက်ထပ် ရဲတပ်ဖွဲ့ကတော့ ဒေသဆိုင်ရာ လုံခြုံရေး ရဲတပ်ဖွဲ့ဆိုတဲ့ နာမည်မျိုးနဲ့ပေါ့။ ဒါပြည်နယ်တိုင်းဒေသ အတွင်းမှာ အေးချမ်းသာယာအောင်၊ ပြည်သူတွေ အေးချမ်းသာယာစွာ နေထိုင်နိုင်အောင် ဆိုးခိုးတိုက်ခိုက် ရမ်းကားတာတွေ မရှိအောင် ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့ကို ဒေသဆိုင်ရာ လုံခြုံရေး ရဲတပ်ဖွဲ့ဆိုတဲ့ နာမည်မျိုးနဲ့ ဖွဲ့မယ်။ ရန်ကုန်ကို ဥပမာပေးပြောမယ် ဆိုရင် ရန်ကုန်တိုင်း အတွင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ခရိုင် ရဲတပ်ဖွဲ့ဝင်တွေ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ ရှိပြီးသား အဲဒီ ရဲတပ်ဖွဲ့တွေကို သူတို့ရဲ့ မူလ ရာထူး တာဝန်အတိုင်းပဲ ပြည်ထဲရေး ၀န်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ မထားတော့ဘဲနဲ့ တိုင်းအစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို ပို့လိုက်လို့ရှိရင် ရန်ကုန်တိုင်း အစိုးရ အဖွဲ့နဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့ လက်အောက်မှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ၀န်ထမ်းတွေ ရောက်လာမယ် ရဲတပ်ဖွဲ့လည်း ရောက်လာမယ်ဆိုရင် အဲဒီ အဖွဲ့နှစ်ဖွဲ့ကို ယူပြီးတော့ အရင် ပြည်ထဲရေး ၀န်ကြီးက တစ်တိုင်းပြည်လုံးကို အုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ရန်ကုန်တိုင်းကို အုပ်ချုပ်သွားမယ်။ အခြား ပြည်နယ်တိုင်း အစိုးရအဖွဲ့တွေကလည်း ဒီအတိုင်းပဲ အုပ်ချုပ်သွားမယ်။ တကယ်လို့ အားနည်းလို့ လိုအပ်တာရှိရင် လိုအပ်တဲ့နေရာကို ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ဖြည့်စွက် ပံ့ပိုးပေးမယ်ပေါ့ဗျာ။ အဲဒီလို လုပ်လိုက်လို့ရှိရင် အဓိပ္ပာယ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရည်ရွယ်တဲ့အတိုင်းပဲ ပြည်နယ်တိုင်းဒေသကြီး အားလုံးကို ပြည်နယ်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေက ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့က တိုက်ရိုက်အုပ်ချုပ်တဲ့ အဓိပ္ပာယ် ဖြစ်သွားမယ်” ဟု ပြောကြားသည်။

ဒုတိယအဆင့် ရေရှည်အတွက် လုပ်ရမည့် ကိစ္စမှာ ဒေသန္တရ ဒီမိုကရေစီ အုပ်ချုပ်ရေးဟု ခေါ်သည့် ဥပဒေ တစ်ခုကို ရေးဆွဲပြဋ္ဌာန်းရန် ဖြစ်ကြောင်း၊ ယင်းဥပဒေတွင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်များကို အုပ်ချုပ်ရန် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်ကောင်စီများ ဖွဲ့စည်းခြင်းဆိုင်ရာနှင့် ယင်းတို့၏ လုပ်ပိုင်ခွင့်များကို ရေးဆွဲ ပြဋ္ဌာန်းကာ ရွေးကောက်တင်မြှောက် ခံရသည့် ပုဂ္ဂိုလ်များက အုပ်ချုပ်သည့် အခြေအနေတစ်ခု ဖော်ဆောင်နိုင်ပါက နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီ အုပ်ချုပ်ရေး ပုံသဏ္ဌာန် ဖြစ်သွားမည်ဖြစ်ကြောင်း ဦးကိုနီက ပြောကြားသည်။

“အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် နိုင်ငံတော် သမ္မတက အကြီးအကဲ ဖြစ်တယ်ဗျ။ တိုင်းပြည်ရဲ့ အကြီးအကဲ ဖြစ်သလို အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ နိုင်ငံတော် သမ္မတကို အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် တာဝန်ကို အပြည့်အ၀ ပေးလိုက်ပါပြီ။ ဒါကြောင့်မို့လို့ နိုင်ငံတော် သမ္မတက လိုအပ်တဲ့ အမိန့်တွေ ထုတ်ပြန်ပြီးတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဘယ်အပိုင်း ဘယ်အပိုင်းကို ပြည်နယ်တိုင်း ၀န်ကြီးချုပ်အောက်ကို လွှဲပေးလိုက်တယ်ဆိုတဲ့ အမိန့်ထုတ်ပေးရမှာပေါ့။ အလားတူ ရဲတပ်ဖွဲ့ကိုလည်း ဒီလို ဖွဲ့စည်းတယ်။ ဒီရဲတပ်ဖွဲ့ဟာ ဒေသလုံခြုံရေးကို ပြည်နယ်တိုင်း အစိုးရရဲ့ ညွှန်ကြားမှုအောက်မှာ အလုပ်လုပ်ရမယ်ဆိုတဲ့ အမိန့်တွေ ထုတ်တဲ့နည်းနဲ့ ညွှန်ကြားချက်တွေ ထုတ်တဲ့နည်းနဲ့ လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေး ကိစ္စဟာ သမ္မတက အကြီးအကဲ ဖြစ်တဲ့အတွက် သမ္မတက ဦးဆောင်ပြီး လုပ်သွားလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူလူထု လိုလားသော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပေးရန် တပ်မတော်တွင်လည်း တာဝန်ရှိကြောင်း၊ ဒီမိုကရေစီစနစ် အပြောင်းအလဲ လုပ်ဆောင်ရာတွင် တပ်မတော်လည်း ပါဝင်ဆောင်ရွက်နေကြောင်း၊ ဆက်လက်ပါဝင် ပံ့ပိုးပေးပါက မြန်မြန်ဆန်ဆန် ပြီးစီးမည်ဖြစ်ကြောင်း ဦးကိုနီက ပြောကြားသည်။

ဦးကိုနီက “တပ်မတော်သား ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း သွားမယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူးဗျ။ ကျွန်တော် ပြောတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က ပြောတာပဲ။ သမ္မတ ဆိုတာဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတပဲ။ ပြည်သူ့သမ္မတ ဖြစ်သလို တပ်မတော် အတွက်လည်း သမ္မတဟာ သမ္မတပါပဲ အကြီးအကဲပါပဲ။ ဥပဒေက မဆန့်ကျင်တဲ့ ကိစ္စကို တပ်မတော် ဘာပြောစရာ ရှိမလဲ” ဟု ပြောကြားသည်။

No comments: