ချောက်မြို့နယ် ကျောက်တန်းကျေးရွာရှိ ရေခန်းစပြုနေသော ရေကန်တွင် ရေခပ်နေသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့နယ်တွင် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန် မြင့်တက်လာပြီး ယခင်နှစ်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ယခုနှစ်အပူချိန် နှင့် ယခင်နှစ် အပူချိန် နှိုင်းယှဉ်ချက်များအရ သိရသည်။

“ဒီနှစ်က အယ်လ်နီညိုနှစ် ဖြစ်တာဆိုတော့ ပိုပူတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာပြီးတဲ့နောက်မှာ အပူချိန်က မြင့်တက်လာတယ်။ မနှစ်တုန်းကထက်တော့ ပိုပြီးတော့ပူတယ်။ ဒါတွေကတော့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကို ခံစားနေရတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်က မိုးရွာတဲ့အတွက် အပူချိန်က သိသိသာသာ တက်လာတာ မရှိသေးဘူး။ မိုးမရွာတော့တာနဲ့ အပူချိန်က ချက်ချင်းကြီး တက်လာတယ်။ ဒီအပူချိန် ထပ်ထပ်ပြီးတော့ မြင့်တက်လာမယ့် အနေအထားလေးတွေ ရှိပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန် တိုးလာခဲ့ပြီး ဧပြီ ၉ ရက်၏ ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့တွင် ၄၆ ဒီဂရီ စင်တီဂရိတ်၊ မန္တလေးမြို့ ၊ မြင်းခြံမြို့၊ ညောင်ဦးမြို့နှင့် မကွေးမြို့တို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်စီတို့ဖြစ်ကြောင်း၊ နေပြည်တော်၏ အမြင့်ဆုံး အပူချိန်သည် ၄၀ ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်မြို့၏ အမြင့်ဆုံး အပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့၏ အမြင့်ဆုံး အပူချိန်သည် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

ယခင်နှစ် ဧပြီ ၁၉ ရက်၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၏ နေ့အပူချိန်များသည် မန္တလေးတိုင်းဒေသကြီးတွင် ၄၁ ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၀ ဒီဂရီ စင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၁ ဒီဂရိစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၀ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်တွင် ၃၇ ဒီဂရီစင်တီဂရိတ်နှင့် ချင်းပြည်နယ်တွင် ၃၅ ဒီဂရီစင်တီဂရိတ် အသီးသီးရှိကြောင်း သိရသည်။

နောက်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

၂၀၁၅-၂၀၁၆ ခုနှစ်၏ အယ်လ်နီညို ဖြစ်စဉ်သည် အားကောင်းသည့် အ‌ခြေအနေမှ ၂၀၁၆ ခုနှစ် မတ်လဆန်းပိုင်းမှစ၍ တဖြည်းဖြည်း အားလျော့ခဲ့ပြီးနောက် မတ်လကုန်ပိုင်းတွင် ဆက်လက် အားလျော့နေသည့် အ‌ခြေအနေတွင်ရှိကြောင်း၊ အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် တဖြည်းဖြည်းနှင့် လျော့ကျလျက်ရှိပြီး အယ်လ်နီညိုဖြစ်စဉ်သည်လည်း တစ်ဖြည်းဖြည်း အားလျော့လာနေကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လကုန်ခန့်မှစ၍ အယ်လ်နီညို အ‌ခြေအနေမှ ပုံမှန် (ကြားနေ) အ‌ခြေအနေသို့ ပြောင်းလဲသွားနိုင်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ရာသီဥတုအပေါ် အယ်လ်နီညို၏ အကျိုးသက်ရောက်မှုသည် ဆက်လက်ရှိနေနိုင်ကြောင်း အယ်လ်နီညိုဖြစ်စဉ်အား စောင့်ကြည့်လျက်ရှိသည့် နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု ခန့်မှန်းရေးဗဟို ဌာနများမှ ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင် ပူပြင်းမှု ၂၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်