Monday, January 25, 2016
ဒီပဲယင်းမြို့နယ်တွင် ပျောက်ဆုံးနေသည်ဆိုသော ကလေးငယ်အား ဓားဒဏ်ရာဖြင့် ပြန်တွေ့ရသည့် အမှု၌ ကျူးလွန်သည်ဟု ယူဆရသူကို မြို့နယ်ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထား
ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် ဇန်န၀ါရီ၂၂ ရက်က ပျောက်ဆုံးခဲ့သည်ဆိုသော ကလေးငယ်အား ဓားဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိခဲ့ရသော အမှုမှ ကျူးလွန်သူဟု သံသယရှိသူအား မြို့နယ်ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသကဲ့သို့ ကလေးခိုးယူမှု ဖြစ်စဉ်မဟုတ်ကြောင်းနှင့် အခြားအကြောင်းကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
"နေလင်း (၁၉နှစ်) ဆိုတဲ့ ကောင်လေးက မြနှင်းဝေ (ခုနစ်နှစ်) ဆိုတဲ့ ကလေးမကို ဓားနဲ့ထိုးခဲ့တာပါ။ ၀မ်းဗိုက်နဲ့ညာလက်မှာ ဓားဒဏ်ရာတွေ တွေ့ရှိခဲ့ရပါတယ်။ လတ်တလော စစ်ချက်တွေအရတော့ ကျူးလွန်သူဟာ အရက်အလွန်အကျွံ သောက်ထားခဲ့တဲ့ အနေအထားမှာ ရှိတယ်လို့ ထွက်ဆိုထားတာပါ။ ကလေးခိုးတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာဟာ မဟုတ်မှန်ပါဘူး" ဟု မူးကမ်းကြီး စခန်းမှ ရဲအုပ်နိုင်ဌေးက ပြောကြားသည်။
ပထမတန်းကျောင်းသူ မမြနှင်းဝေ ကျောင်းဆင်းပြီး ပြန်လာချိန်တွင် နေလင်းက ခေါ်ယူသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဒေသခံအချို့၏ ထွက်ဆိုချက်နှင့် ကာယကံရှင် ကလေးငယ်၏ ပြန်လည်ပြောပြချက်တို့အရ ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင် နေလင်းကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု)၊ ပြစ်မှုအမှတ် (၂၊၂၀၁၆) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဓားဒဏ်ရာကြောင့် မိန်းကလေးငယ်သည် အူမကြီး နှစ်လက်မခန့်အပြင်သို့ ထွက်နေခဲ့ပြီး ရွှေဘိုဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရကြောင်း၊ ကနဦးပိုင်းတွင် ကလေးငယ်၏ ရှားပါးသော သွေးအမျိုးအစားကြောင့် စိုးရိမ်ဖွယ် အနေအထား ရှိခဲ့သော်လည်း ယခုအခါ အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိတော့ကြောင်း သိရသည်။
မိသားစုချင်း ပြဿနာကြောင့် ကလေးငယ်မှာ ဓားစာခံဖြစ်ရကြောင်း ဒေသခံအချို့က ပြောကြားပြီး ရဲတပ်ဖွဲ့ကမူ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သည့် အခြေအနေကြောင့် ကျူးလွန်သူက ထွက်ဆိုထားခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
"ဖုတ္ထန်းတောနယ်က ဓားလုပ်ငန်းလုပ်ကြတဲ့ နယ်ပါ။ အခုဖြစ်သွားတာမှာ မိသားစုချင်း မကျေလည်လို့ ဖြစ်သွားတာ။ ကျူးလွန်သူက အရက်ကြောင်ကြောင်ပြီး စိတ်ရောဂါ ဖြစ်နေတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ကလေးခိုးတယ်ဆိုပြီး ကောလာဟလတွေ ပျံ့တာက သတင်းအတိအကျ မသိဘဲ ဖြန့်သူတွေနဲ့ ဒေသခံ တချို့ကြောင့်ပါ" ဟု ဒီပဲယင်း နယ်ခံတစ်ဦးက ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment